မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, 21 January 2016

ပဲသီးသုပ် ♡ Long Bean Salad


















ပဲသီးသုပ် ♡ Long Bean Salad

ဟင်းအဖြစ်ဘဲစားစား၊သားရေစာအဖြစ်ဘဲစားစား၊စားလို့အရမ်းကောင်းတဲ့ပဲသီးသုပ်လေးပါ။ရှမ်းပြည်မှာတော့ညနေခင်းအသုပ်ဆိုင်တွေမှာတွဲရောင်းလေ့ရှိပါတယ်။သုပ်စားကြည့်ရအောင်နော်။
လိုအပ်သောပစ္စည်း
**********
ပဲတောင့်ရှည် - တစ်စည်း
ကြက်သွန်ဖြူဆီချက် - နှစ်ဇွန်း
ခရမ်းချဉ်သီးချက် - သုံးဇွန်း
ဆား - အနည်းငယ်
ဟင်းခပ်မှုန့် - အနည်းငယ်
ငရုပ်သီးဆီချက် - လိုသလောက်
မြေပဲထောင်း - လက်တဆုပ်
ကြက်သွန်နီကြော် - လက်တဆုပ်
နံနံပင် - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
********
ပဲသီးပြုတ်ကိုရေဆူတွင်တစ်မိနစ်ခန့်ချပြုတ်ပြီးဆယ်ယူေ၇အေးစိမ်ထားပါ။အေးသွားလျှင်သေးသေးလေးစိပ်ထားပါ။ပြီးလျှင်ဇလုံတခုတွင်ထည့်ပြီးပါဝင်ပစ္စည်းအားလုံးထည့်ပြီးနှယ်ပါ။အရသာအပေါ့အငန်မြည်းကာသုံးဆောင်နိုင်ပါပြီ။အချဉ်စားလိုပါကခရမ်းချဉ်သီးပိုထည့်၍သော်၎င်း၊သံပုရာရည်ဖြင့်သော်၎င်းချဉ်ငန်စပ်သုပ်စားနိုင်ပါတယ် ။

Sofia Food Paradise   

ကျိုင်းတုံမုန့်တီ ♡မြီးရှည်>>ရှမ်းခေါက်ဆွဲ


















ကျိုင်းတုံမုန့်တီ ♡မြီးရှည်>>ရှမ်းခေါက်ဆွဲ

ဆိုဖီယာကမြောက်ပိုင်းသူမို့အလှမ်းဝေးတဲ့ကျိုင်းတုံမြို့ကနာမည်ကြီးလူကြိုက်များတဲ့မုန့်တီချက်နည်းကိုတောင်ကြီးကညီမ၃ယောက်ဆီကသင်ယူဖြစ်ခဲ့ပါတယ်။ပြီးခဲ့တဲ့တခေါက်အလည်ပြန်ရင်းယောက်မချက်ကျွေးခဲ့တဲ့ကျိုင်းတုံမုန့်တီကိုအလွမ်းပြေကိုယ်တိုင်ချက်စားဖြစ်လို့လုပ်နည်းလေးပြန်လည်မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
မုန့်တီခြောက်
အမဲရိုးပြုတ်ရည်
ပဲရွက်
ခရမ်းချဉ်သီးရှမ်းပဲပုတ်ချက်
အမဲသားသေးသေးစိတ်ကြော်
နှမ်းထောင်း
လက်ပံပွင့်အခြောက်
တွဲဖက်စားရန်
ကြက်သွန်မိတ်နံနံပင်
သားရေပွကြော်/တိုဖူးကြော်
မုန်ညင်းချဉ်
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ကျိုင်းတုံမုန့်တီအတွက်အရေးကြီးတဲ့အရိုးပြုတ်ရည်ကိုအရင်ပြုလုပ်ရပါ့မယ်။နှစ်သက်ရာအရိုးအသားကိုအသုံးပြုပါ။ဆိုဖီယာတော့အမဲရိုးအသုံးပြုထားပါတယ်။အမဲသားအရိုးအသားကိုဂျင်းတတက်ထုထည့်ကာရေများများထည့်တည်ပြီးမပွက်ခင်အပေါ်တက်လာသောအမြုတ်များကိုခပ်ထုတ်ပစ်ပါ။အဖုံးပိတ်မထားရ။မီးအေးအေးဖြင့်နူးပြီးဟင်းရည်ကျသည်ထိတည်ထားပါ။ဆားနှင့်ဟင်းခပ်မှုန့်ခပ်ပါ။ရှမ်းပဲပုတ်၃ချပ်ကိုအရိုးပြုတ်အိုးထဲထည့်ပြုတ်ထားပါ။ဟင်းရည်ကျပါကအရသာအပေါ့ အငံမြည်းပါ။
(၂)အသားသေးသေးစိတ်ကြော်ပြီးလည်းသီးသန့်ထားနိုင်သလိုခရမ်းချဉ်သီးပဲပုတ်ဖြင့်လည်းတွဲချက်ထားနိုင်ပါတယ်ခရမ်းချဉ်သီးသေးသေးစိတ်ကြက်သွန်ပါးပါးစိတ်ထားပါ။ကြက်သွန်နီကိုငရုပ်သီးဆီသပ်ပြီးခရမ်းချဉ်သီးအသားသေးသေးစိတ်ထည့်ချက်ပါ။ဟင်းခပ်မှုန့်ငံပြာရည်ထည့်ပြီးခရမ်းချဉ်သီးကြေအောင်ချက်ထားပါ။ခရမ်းချဉ်သီးကြေပါကရှမ်းပဲပုတ်ထောင်းတစ်ဇွန်းထည့်ပြီးသမအောင်မွေပြီးမီးဖိုမှချပါ။
❀❀ချက်ပြီးသားဟင်းကိုသီးသန့်ထားနိုင်သလိုဟင်းရည်အိုးထဲသို့လည်းတခါတည်းရောထည့်ထားနိုင်ပါတယ်။
(၃)လက်ပံပွင့်ခြောက်ကိုရေစိမ်ပြီးသီးသန့်ပြုတ်ထားပြီးအဖတ်ကိုဟင်းရည်အိုးထဲထည့်ပါ။မုန့်တီခြောက်ရေစိမ်ပြီးပြုတ်ထားပါ။နှမ်းလှော်ထောင်းထားပါ။ကြက်သွန်မိတ်နံနံမိတ်လှီးထားပါ။
(၄)အားလုံးအသင့်ဖြစ်ပါကပန်းကန်တွင်မုန့်တီဖတ်ထည့်ပြီးအရိုးပြုတ်ဟင်းချိုတွင်ပဲရွက်ဖျောပြီးထည့်ပါ။ဟင်းချိုခရမ်းချဉ်သီးအသားချက်သီးသန့်ထပ်ထည့်လိုကထည့်ပါနှမ်းထောင်းကြက်သွန်မိတ်နံနံပင်ထည့်ပြီးနှစ်သက်ရာတိုဖူးကြော်သားရေပွကြော်မုန်ညင်းချဉ်တို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။


Sofia Food Paradise