မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ
Showing posts with label ကျန်းမာရေးဆိုင်ရာဗဟုသုတများ. Show all posts
Showing posts with label ကျန်းမာရေးဆိုင်ရာဗဟုသုတများ. Show all posts

Friday 5 February 2016

မင်းကွတ်သီးနှင့် ကျန်းမာရေး

















မင်းကွတ်သီးနှင့် ကျန်းမာရေး
===========
ဒေါက်တာခင်မောင်လွင် (FAME)

မင်းကွတ်သီးရဲ့ကင်ဆာရောဂါကိုတိုက်ဖျက်နိုင်တဲ့ အာနိသင်
မင်းကွတ်သီးဟာ ကင်ဆာရောဂါ ကာကွယ်တိုက်ဖျက်ရာမှာ အသုံးဝင်တဲ့ သဘာဝသစ်သီးတစ်မျိုးဖြစ်တယ်ဆိုတာ အမှန်ပဲဖြစ်ပါတယ်။ မင်းကွတ်သီး အပြင်အကာပိုင်းမှာ ကင်ဆာတိုက်ဖျက်နိုင်တဲ့ဓာတ်ပစ္စည်းတွေ များစွာပါဝင်နေတယ်ဆိုတာ တွေ့ရပါတယ်။ ဒါကြောင့် ရိုးရာတိုင်းရင်းဆေးပညာတွေမှာတော့ မင်းကွတ်သီးအခွံကို ကင်ဆာရောဂါလို့ ယူဆရတဲ့ အဖုအကျိတ်တွေ ကုသရာမှာ အသုံးပြုခဲ့ကြတာ နှစ်ပေါင်းထောင်နဲ့ချီရှိခဲ့ပါပြီ။ ဒါကြောင့် သိပ္ပံနည်းကျလေ့လာမှုတွေကို ၂၀၀၂ ခုနှစ်က စတင်လုပ်ဆောင်ခဲ့ကြပါတယ်။
၂၀၀၂ ခုနှစ်မှာ ထုတ်စေခဲ့တဲ့ Planta Medica လို့ခေါ်တဲ့ ဂျာနယ်မှာ ပထမဆုံး စတင်ဖော်ပြချက်အရ မင်းကွတ်သီးအခွံမှာပါဝင်တဲ့ ဇန်သုန်းတစ်မျိုးဖြစ်တဲ့ ဂါစီနုန်း အီး (Garcinone E) ဟာ ဓာတ်ခွဲခန်းမှာ စမ်းသပ်ချက်အရ လူမှာဖြစ်ပွားတဲ့ အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာနဲ့ အဆုတ်ကင်ဆာဆဲလ်တွေကို ဟန့်တားနိုင်စွမ်းရှိတယ်လို့ စတင်ဖော်ထုတ်ခဲ့ပါတယ်။ ဒါကို မှန်ကန်ကြောင်း ထပ်မံအတည်ပြု စမ်းသပ်ပေးခဲ့တဲ့စာတမ်းတစ်ခုကိုလည်း ၂၀၀၈ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Journal of Natural Products မှာ ဆက်လက်ဖော်ပြခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ မင်းကွတ်သီးနဲ့ပတ်သက်ပြီး တစ်ကမ္ဘာလုံးမှာရှိတဲ့ ပညာရှင်တွေဟာ စိတ်ဝင်စားမှု မြင့်တက်လာခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ဂျပန်နိုင်ငံမှာရှိတဲ့ Gifu International institute of Biotechnology က ပညာရှင်တွေက မင်းကွတ်သီးအခွံမှာပါတဲ့ နောက်ထပ် ဇန်သုန်း (၃)မျိုးဖြစ်တဲ့ အယ်ဖာ မန်ဂိုစတင်၊ ဘီတာ မန်ဂိုစတင်နဲ့ ဂါမာ မန်ဂိုစတင်တို့ဟာ လူတွေမှာဖြစ်တဲ့အူမကြီးကင်ဆာဆဲလ် (Human colon cancer cells) ပေါ်မှာ အလွန်ပဲ ထိရောက်စွာ ဟန့်တားနိုင်ကြောင်း တွေ့ရှိဖော်ထုတ်ခဲ့ပါတယ်။ အနည်းငယ်ပေးရုံနဲ့ ထိရောက်မှု ရှိကြောင်းလည်း တွေ့ရပါတယ်။ 5-20mm (Low concertration) ပေးရုံနဲ့ ကင်ဆာဆဲလ်လေးတွေဟာ သေဆုံးကုန်ကြောင်းတွေ့ခဲ့ရပါတယ်။
၂၀၀၉ ခုနှစ်မှာထုတ်ဝေတဲ့ Journal of Agriculture and Food Chemistry မှာ ဖော်ပြချက်အရ လူတွေမှာဖြစ်တဲ့ ဆီးကျိတ်ကင်ဆာဆဲလ်တွေကို သေစေနိုင်ကြောင်း ထပ်မံဖော်ထုတ်ပြန်ပါတယ်။ အဲဒီဓာတ်ပစ္စည်းတွေဟာ ကင်ဆာဆဲလ်ပေါ်မှာ ဘယ်လိုဘယ်ပုံ ဆောင်ရွက်လို့ ကင်ဆာဆဲလ်တွေသေဆုံးရတယ်ဆိုတာ ဆက်လက်လေ့လာရာ ကင်ဆာဆဲလ်တွေပြန့်သွားရာမှာ လိုအပ်တဲ့ Cyclins, cdc 2 နဲ့ p 27 မော်လီကျူးတွေကို ဟန့်တားပျက်စီးနိုင်လို့ ကင်ဆာဆဲလ်ရဲ့ဖြစ်စဉ် Cell cycle ရပ်တန့်ဆဲလ်တွေဟာ သူ့အလိုလိုသေဆုံးးခြင်း (Apoptosis) ဖြစ်သွားကြတယ်လို့ဆိုပါတယ်။
မင်းကွတ်သီးနဲ့ ထိရောက်တဲ့ကင်ဆာဆဲလ်တွေကတော့ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အရိုးကင်ဆာတို့ဖြစ်ပါတယ်။ ကျန်တဲ့ကင်ဆာတွေကိုလည်း ဆက်လက် လေ့လာနေဆဲ့ဖြစ်ပါတယ်။ အဲဒီအထဲမှာ သွေးကင်ဆာပေါ်ထိရောက်မှုရှိတယ်လို့လည်း နောက်ဆုံးတွေ့ရှိထားပါတယ်။ ဒါနဲ့ပတ်သက်လို့ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ(၁)ရက်နေ့ ရက်စွဲနဲ့ အမေရိကန်ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ အမျိုးသားကျန်းမာရေးဌာန (National Institute of Health; NIH)က တရားဝင်စာတမ်းတစ်စောင်ကို ထုတ်ပြန်ခဲ့ရာမှာ မင်းကွတ်သီးမှာပါတဲ့ ဇန်သုန်းကို စနစ်တကထုတ်ယူပြီး ကင်ဆာရောဂါကာကွယ်ရေးနဲ့ ကုသရေးမှ အသုံးပြုနိုင်ပါတယ်လို့ ဆိုပါတယ်။ ကင်ဆာကုသဆေးအနေနဲ့ အသုံးပြုဖို့ မင်းကွတ်သီးဟာ အလားအလာ အလွန်ကောင်းနေတယ်လို့ မှတ်ချက်ပြုထားပါတယ်။
ရိုးရာတိုင်းရင်းဆေးပညာတွင် အသုံးပြုတဲ့မင်းကွတ်သီးအာနိသင်
အဓိကအနေနဲ့ မင်းကွတ်သီးရဲ့အခွံကို အခြောက်လှမ်းပြီး ရောဂါအမျိုးမျိုးအတွက် အသုံးပြုခဲ့တာတွေ့ရပါတယ်။ အရေပြားရောဂါ အမျိုးမျိုး (Skin infection, Eczema)၊ ခြေဖနောင့်ကွဲရောဂါထိခိုက်ဒဏ်ရာများ၊ ၀မ်းပျက်ဝမ်းလျောရောဂါ၊ ၀မ်းကိုက်ရောဂါများ (Diarrhoea and Dysentery)၊ ဆီးလမ်းကြောင်းပိုးဝင်ရောဂါများ (Urinary tract infection, Ganorrhoea)၊ စိတ်ရောဂါ၊ အာရုံကြောရောဂါများ (Mental disorders, Epilepsy)၊ အရိုးရောင်ရမ်းရောဂါ (Osteoarthritis) နဲ့ အဖုအလုံးအကျိတ်တွေကို သက်သာစေတဲ့အာနိသင် ရှိပါတယ်။
မင်းကွတ်သီးဖျော်ရည်ပြုလုပ်ပုံ
မင်းကွတ်သီးရဲ့အတွင်းသားကတော့ စားလို့ရတော့ ဒီအတိုင်းစားလေ့ရှိကြပါတယ်။ ဒါပေမဲ့ အပြင်သားကျတော့ စားလေ့မရှိတော့ ဆေးဘက်ဝင်အနေနဲ့ဆိုရင် ဖျော်ရည်လုပ်သောက်မှ အဆင်ပြေပါတယ်။ အတွင်းသားကို ဇွန်းနဲ့ဖယ်လိုက်ရင် အပြင်ခွံမှာ နှစ်ပိုင်းရှိပါတယ်။ အပြင်ပိုင်းမာကျောတဲ့အခွံနဲ့ အတွင်းပိုင်းပျော့တဲ့အခွံဖြစ်ပါတယ်။ ပျော့တဲ့အခွံကိုပဲ ဇွန်းနဲ့ခြစ်ပြီး ယူရပါတယ်။ အပြင်ပိုင်း အမာသားနဲ့ ကပ်နေတာတွေတော့ မယူသင့်ပါဘူး။ အင်မတန်ခါးလို့ ဖြစ်ပါတယ်။ အဲ့ဒီအခွံပျော့တွေမှာ အာနိသင်ထက်မြတ်တဲ့ ဇန်သုန်းလို့ခေါ်တဲ့ ဖလေဗိုနွိုက်တွေ ပါဝင်နေပါတယ်။
အဲဒီအခွံနဲ့အသားကို ရေနွေးနဲ့ဖျော်ပြီး သစ်သီးမွေဖျော်စက်ထဲမှာ ထည့်မွှေရပါတယ်။ အနံ့၊ အရသာ ပိုကောင်းစေချင်ရင် ပျားရည်နည်းနည်းထည့်ပေးနိုင်ပါတယ်။ ဒါမှမဟုတ် ထောပတ်သီးအနှစ်အနည်းငယ် ထည့်ပေးနိုင်ပါတယ်။ ဒါမှမဟုတ် နွားနို့နဲ့လည်း ဖျော်သောက်နိုင်ပါတယ်။
မင်းကွတ်သီးဟာ အပင်ကနေခူးပြီး(၁၀)ရက်ကြာရင် စားလို့ အကောင်းဆုံးဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ အခွံကလည်း အနည်းငယ်ပျော့နေတော့ ခွဲလို့လွယ်တယ်။ အထဲက အသားကလည်း အဖြူရောင် နို့နှစ်ရောင်ရှိလို့ စားလို့ အကောင်းဆုံးဖြစ်ပါတယ်။ အဲ့ဒီထက် နောက်ကျရင် အခွံက ပိုပျော့လာပြီး အတွင်းသားကလည်း အဖြူကနေ အကြည်ရောင် သန်းသွားပါတယ်။ အဲ့ဒီအချိန်မှာ သူ့မှာပါဝင်တဲ့ အာဟာရဓာတ်တွေလည်း လျော့နည်းသွားလို့ ကြာလေစားလို့မကောင်းလေ ဖြစ်ပါတယ်။
မင်းကွတ်သီးနဲ့သကြား တည့်/မတည့်
မင်းကွတ်သီးနဲ့သကြားနဲ့ တွဲမစားရဘူးလို့ အချို့ကပြောကြပါတယ်။ အဲဒါ မှားပါတယ်။ မင်းကွတ်သီးမှာ အရင်ကတည်းက သကြားဓာတ်ပါဝင်ပြီး ဖြစ်ပါတယ်။ ၂၀%ဟာ ကာဘိုဟိုက်ဒြိတ်လို့ခေါ်တဲ့ သကြားဓာတ်တွေဖြစ်ပါတယ်။ မင်းကွတ်သီးဖျော်ရည်ပြုလုပ်ရင် သကြားပါမှ အခါးဓာတ်ကို ထိန်းနိုင်မှာမို့ သကြားထည့်လေ့ရှိပါတယ်။ တချို့လည်းပျားရည်နဲ့ ရောဖျော်လေ့ရှိပါတယ်။ ဒါကြောင့် မင်းကွတ်သီးဟာ သကြားနဲ့ မတည့်ဘူးဆိုတာ အယူအဆအမှားတစ်ခု ဖြစ်ပါတယ်။
နိဂုံးချုပ်
ဒီကနေ့ ကျွန်တော်တို့နိုင်ငံမှာ ကင်ဆာရောဂါဖြစ်ပွားတဲ့နှုန်းဟာ တဖြည်းဖြည်းမြင့်တက်လို့လာနေပါတယ်။ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲမှာ အဓိကကျတာကတော့ လူတွေရဲ့အနေအထိုင်၊ အစားအသောက်မှားယွင်းလို့ ဖြစ်တာပါ။ ဆေးလိပ်သောက်တာ၊ ကွမ်းစားတာ၊ အရက်အလွန်အကျွံသောက်တာ စတဲ့ကင်ဆာအားပေးတဲ့အပြုအမူတွေကို ရှောင်ကြဉ်ရပါမယ်။ အစားအစာနဲ့ပတ်သက်ရင် ကင်ဆာအားပေးတဲ့ အစားအစာတွေကို ရှောင်ကြဉ်ပြီး ကင်ဆာကို ကာကွယ်တိုက်ဖျက်နိုင်တဲ့ အစားအစာတွေကို နေ့စဉ်စားပေးမယ်ဆိုရင် ကင်ဆာဖြစ်ဖို့အလားအလာကို လျော့နည်းစေမှာအမှန်ပဲဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ မင်းကွတ်သီးဖျော်ရည်ဟာလည်း ကင်ဆာမဖြစ်အောင် ကာကွယ်နိုင်စွမ်းရှိလို့ မကြာခဏ သောက်သုံးသင့်ပါကြောင်း အကြံပြုပြောကြားလိုပါတယ်။